စိန်မြင့်(ရွှေချည်ထိုး) သို့မဟုတ်
ရွှေချည်ထိုးက Figure ကို Canvas ပေါ် ပြောင်းလဲတင်ပြခဲ့သူ အပိုင်း(၁)
စိန်မြင့်(ရွှေချည်ထိုး)ရဲ့ Enchanted Beliefs လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲ မတ်လ (၁)ရက်ကနေ (၃)ရက်အထိ AYA SOMPO & ATOMIC Gallery တို့က စီစဉ် တင်ဆက် ထားတယ်။ Pre show ကို ၂၈ဖေဖော်ဝါရီ ညနေ၅နာရီ မိနစ်၃၀ကနေ ည ၈နာရီအထိ ပြုလုပ်ခဲ့ပါတယ်။ ပြခန်းအပြင်ကတည်းက နတ်ဒိုးသံ ဆိုင်းဝိုင်းတီးလုံးသံတွေက ပြခန်း အပြင်ထိ လွင့်ပျံနေပါတယ်။ ပြခန်းထဲ ရောက်တော့ ဆရာဦးစိန်မြင့်ရဲ့ ၃၇မင်းနတ်တွေကို ရေးဆွဲထားတဲ့ မော်ဒန်ပန်းချီကားကြီးတွေက နံရံမှာ ခန့်ခန့်ထည်ထည်။ အဝင်ပြခန်း ထဲ မှာပဲ စောစောကကြားရတဲ့တီးလုံးသံတွေ ထွက်ပေါ်လာရာ မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ တီးမှုတ် ဧည့်ခံထားတယ်။ ရေးဆွဲထားတဲ့အကြောင်းအရာနဲ့ မြန်မာ့ဆိုင်းဝိုင်းက တီးခတ်ဖျော်ဖြေ နေတဲ့ တေးသွားနဲ့က တကယ်ပဲ လိုက်ဖက်နေတာ ပြောစရာတောင် မလိုပါဘူး။ ပြခန်းထဲ ဝင်ဝင်ချင်း အဝမှာ ဧည့်သည်တစ်ယောက်နဲ့ စကားပြောနေတဲ့ ကိုမျိုးမင်းဦးကို လှမ်း နုတ်ဆက်၊ နောက် ကိုညီညီထွန်း ထွက်လာပြီး ကျနော့်ကို ဆရာဦးစိန်မြင့်ရှိတဲ့ အခန်းထဲ ခေါ်သွားပြီး ဆရာနဲ့ တွေ့ပေး။ အခန်းထဲမှာ ဆရာဦးစိန်မြင့်ရယ်၊ SNA ရယ်၊ ဆရာ့မိသား စုဝင်တွေရယ် တွေ့ရ။ ဆရာ့ကို သာကြောင်းမာကြောင်း နုတ်ဆက်ပြီး SNA က ဆရာနဲ့ စကားဝိုင်းလေး လုပ်ဖို့ လမ်းကြောင်းပေးတာနဲ့ ဆရာအားမယ့်အချိန်ကို နောက် တစ်ရက် မှာ အလုအယက် ယူပြီး စကားဝိုင်းလေး ဖွဲ့ဖြစ်ခဲ့ပါတယ်။ ရတဲ့အချိန်လေးအတွင်း ဆရာနဲ့ အမိအရ ပြောဖြစ်ကြတာတွေကို မှတ်တမ်းတင်လိုက်ပါတယ်။
(လှိုင်ဘွား မှတ်တမ်းတင်သည်)
HB- ဆရာ ဒီပွဲလေး ဘယ်လိုလုပ်ဖြစ်သွားတာလဲ။
SM-ဒီပွဲက ဘယ်လိုခေါ်မလဲ။ စိုင်ကော်လို့ ခြုံပေါ်ရောက်လား။ အဲလိုပုံစံမျိုး ဖြစ်နေ တယ်။ အမှန်က ကိုမျိုးမင်းဦးက အကူအညီတောင်းတယ်။ ကျနော်က ပန်းချီကားတွေက Recent ကားတွေ မပေးနိုင်ဘူး။ မပေးနိုင်တော့…။ သူကလည်း ကျနော့်ကားတွေ ပြချင်တယ်ဆိုတော့ ကျနော့်စိတ်ကူးကလည်း ကိုမျိုးမင်းဦးကို Support လုပ်ချင် တယ်။ သူကလည်း ကျနော့်ကားလေးတွေနဲ့ ဝေဝေဆာဆာ ပြချင်ဆိုတော့ ကျနော်လည်း Recent painting တွေ မရှိတော့ ရှိတဲ့ကားလေးတွေကို ကဲ…ရန်ကုန်ကလူတွေလည်း တော်တော်များများ မမြင်ဖူးကြဘူးလေ။ မမြင်ဖူးကြတော့ ကျနော်က ဒါလေးကို ယူသွား။ ယူပြီးပြ…ရတယ်။ ကျနော်က သူ့နောက်ကနေ ရပ်ပေးတာ။ သူ့ကို Stand လုပ်ပေးတာ။ ဒါပေမယ့် ဖြစ်တော့ ကျနော့်ပန်းချီပြပွဲလို ဖြစ်နေတာ။ အဲဒီတော့ လူတွေက ဦးစိန်မြင့် ပြပွဲ…ပြပွဲ ဖြစ်နေတယ်။ အမှန်က တကယ့်တကယ် Event က သူ့ကို ကျနော် Stand လုပ်ပေးတာ။ ကျနော့်ပြပွဲဆိုရင် ကျနော်အစောကြီးကတည်းက တစ်မျိုးတမည် လုပ်မှာ ပေါ့။ ဒါပေမယ့် ဒါကလည်း မထင်မှတ်ဘဲနဲ့ ဖြစ်သွားပြီး၊ သူ့ကုသိုလ် ကိုယ့်ကုသိုလ် ပေါ့ဗျာ။ ဘာပဲပြောပြော သူလည်း ဒီကားတွေကို အပင်ပန်းခံပြီး မန္တလေးက သယ်ရပြုရ၊ တာဝန်တွေ အများကြီး သူယူပြီး လုပ်တဲ့အတွက် ကျနော် Honour လုပ်တယ်လေ။ ဒါ့ကြောင့်လည်း ကျနော် ခြေထောက် ဒူးနာတဲ့အထဲကနေ ဒီ မရောက်ရောက်အောင် လာတာ။ နောက်ကျရင်တော့ ရေးတဲ့ကားလေးတွေ ဘာတွေ သူ့လည်း ပေးရမှာပေါ့။ လောလောဆယ်က ကျနော်တတ်နိုင်တဲ့ဟာ ဒါလေးပဲ ဖြစ်တဲ့အတွက် ဒါလေး လုပ် လိုက် တာ။ဒါပေမယ့် သူကလည်း ကျနော့်ကိုလေးစားတဲ့အနေနဲ့ရော ၊ခင်မင်တဲ့အနေနဲ့ရော ဒီပွဲလေးကို ဦးစားပေးပြီး ကျနော့်ကားလေးတွေကို ဒါ ဆရာမြင်တဲ့အတိုင်းပဲ အောက်မှာ ချိတ်ထားတယ်။နောက်တစ်ခုကလည်း ကျနော် အရင် ပြီးခဲ့တဲ့နှစ်တုန်းက ကျနော့် အသက် (၈၀) ပြည့်တဲ့နှစ်တုန်းကလည်း သူက အစစအရာရာဒီ Print works တွေနဲ့ ပတ် သက်ပြီး၊ အစစအရာရာ စာအုပ်စာတမ်း၊ ပန်းဖလက် အကုန်ပေါ့လေ။ အဲဒါလေးတွေ လည်း လုပ်ကိုင်ပေးတာဆိုတော့ ဒါကတော့ လုပ်ပေးရမှာပဲဆိုပြီး လုပ်ပေးလိုက်တာပါ။ လမ်းဆုံးတော့ ဘာဖြစ်လဲဆိုတော့ ဦးစိန်မြင့်ပြပွဲ ဖြစ်နေတယ်။
HB- ဘာပဲပြောပြော၊ ကြည့်ရတာ ကျနော်တို့ကအစလေ၊ တော်တော်ကို အရသာရှိတယ်။ ဒီလိုမျိုးလည်း အများကြီး မကြည့်ဖူးဘူး။တကယ်တမ်းကျတော့…။ ပြောရရင်လေ။ ဆရာ့ Artist life တစ်ခုလုံးကို ခြုံပြီးတော့ မြင်လိုက်ရသလိုလေ။ အဲလိုမျိုး တွေ့ရတယ် ဆရာ။ ဆိုတော့ ဒါကလည်း ဘာပဲပြောပြော၊တစ်မျိုးတမည်အားဖြင့် ကောင်းပါတယ်။ အဲလိုပဲပြောရမှာပေါ့နော် ဆရာ။
SM- ကျနော်က အဲဒီစေတနာ ပါပါတယ်။ ဪ… ရန်ကုန်က ကြီးငယ်ဟူသမျှပေါ့လေ။ မမြင်ဖူးတဲ့သူတွေ မြင်ပါစေတော့ဆိုတဲ့စိတ်ကလည်း ပါပါတယ်။
HB- ဆရာတို့ အရင်က ရန်ကုန်ဂယ်လာရီမှာ ဆရာဦးဝင်းဖေ၊ဦးကိုကိုကြီးတို့နဲ့ ဆရာပြ ခဲ့တယ်လေ။ ဒါပေမယ့် ဒီလိုမျိုး မဟုတ်ဖူးလေ။ ဒီလိုမျိုး အရသာမတွေ့ခဲ့ရဖူးပေါ့။ အဲဒီတုန်းက GROUP SHOW ဖြစ်တယ်။
SM – GROUP SHOW ဖြစ်တော့ RANDOM တွေ ရေးကြတာလေ။
HB- မှန်တယ်ဆရာ။ အဲလိုမျိုးဖြစ်နေတာပေါ့။ အခုကျတော့ ဆရာ့ကားတွေချည်းပဲ လုံးဝဒီ SUBJECT တွေကလေ။ အကုန်လုံးကလည်း ဆရာ့ရဲ့ OWN Subject တွေချည်းပဲ ဖြစ်နေတဲ့အခါကျတော့ ကြည့်ရတာလည်း ပိုပြီးတော့ အရသာရှိတယ်။ ဆရာကိုယ်၌ ကလည်း မထင်မှတ်ဘဲနဲ့ ဖြစ်တယ်ဆိုပေမယ်လို့ ဆရာ့ရဲ့ work တွေ တစ်ခုလုံးကို ခြုံငုံပြီးတော့ ဖော်ပြသွားသလို ဖြစ်နေတယ်ဆရာ။ အဲလိုမျိုးတွေ့ရတာပေါ့နော်…ဆရာ။ အဲဒီတော့လေ ကျနော်တစ်ခုလေး ထပ်သိချင်တာ ရှိပါတယ်။ အဲဒါဘာလဲ ဆိုတော့ ဆရာ့ရဲ့အစောပိုင်းပေါ့ ၊ ဆရာမန္တလေးတက္ကသိုလ်မှာ ပန်းချီပြပွဲတွေလည်း လုပ်ဖြစ် ခဲ့တယ်။
SM- လုပ်ခဲ့တယ်။ မဂ္ဂဇင်းတွေလည်း ကာဗာတွေ လုပ်ခဲ့တယ်။ အဲဒါကတော့ ကျနော်တို့ က မန္တလေးတက္ကသိုလ်ကို ၆၅/၆၆ လောက်မှာ ရောက်ကြတာ။ ရောက်ကြတော့ အဲဒီမှာ ဘယ်သူနဲ့ လာဆုံကြတာလဲဆိုတော့ တပ္ပဝတီဦးဝင်းမောင်တို့၊ သမိုင်းထွန်းနွယ်တို့၊ နောက်တစ်ခါ ကျော်မိုးသာတို့က ဆုံတယ်။ ဒါပေမယ့် နောက်မှရောက်လာတာ။ နောက် ပေါ်သိမ်း။ ကျနော်တို့သုံးယောက်က အဲဒီမှာ တွဲမိတာ။ ကျောင်းမှာ တွဲမိတယ်။ ကျောင်း ပြီးတော့ အသီးသီး ကိုယ့်လမ်းကြောင်းကိုယ် ရောက်သွားကြတာပေါ့။ ရောက်သွားကြ သည့်တိုင်အောင် တစ်ယောက်နဲ့ တစ်ယောက်က အဆက်အသွယ်မပြတ်ပါဘူး။ ကိုပေါ် သိမ်း က ရန်ကုန်အခြေချတယ်။ ကိုဝင်းမောင်ကတော့ သူ့ရဲ့ဗိသုကာ ဆောက်လုပ်ရေး လုပ်ငန်းတွေဖက်ကို မျက်နှာလှည့်ရတယ်။ ကျနော်ကတော့ ကျနော့်ဘဝနဲ့ ကျနော် မန္တလးမှာပဲ မျက်နှာမူရင်းနဲ့ စီးပွားရေးတစ်ဖက်၊ ဒီအနုပညာစံတစ်ဖက်နဲ့ပဲ ကျနော်က လှေနံနှစ်ဖက်နင်းပြီး လှော်နေရတာပေါ့။
HB- ဆရာဦးဝင်းဖေတို့လိုပေါ့။
SM-ဟုတ်တယ်။ ဟုတ်တယ်။ အဲဒီနောက် ကျနော် ပေါ်သိမ်းရဲ့ Peacock art gallery မှာ ပထမဦးဆုံး One man show ပြသေးတယ်။ နောက်တစ်ခုက ၁၉၇၀ ထင်တယ်။ အဲဒါ ပန်းချီဆရာကိုအောင်တိတ်…။ ကိုအောင်တိတ်ရဲ့ Father ကြီးက ဆရာဝန်ကြီး ဦးမောင် မောင်တိတ်ကနေပြီးတော့ ကျနော်တို့ကို BMA မှာ ပြပွဲလုပ်တော့ ကျနော်တို့၊ ဆရာကြီး ဦးဝင်းဖေတို့၊မန္တလေးက ဆရာဦးခင်မောင်(ဘဏ်)တို့၊ ကျောက်ဆည်အောင်ဝင်းတို့၊ ပေါ် သိမ်း တို့ပေါ့ဗျာ။ ကျနော်တို့က အငယ်တန်းပေါ့ဗျာ။ အကြီးတန်းဆရာဦးဝင်းဖေ တို့ တောင်မှ အဲဒီတုန်းက ပန်းချီကားတစ်ချပ်ကို ၄၀၀။ ကျနော်တို့က ၂၀၀။ အဲလိုဟာမျိုးနဲ့ ပြခဲ့တယ်ပေါ့ဗျာ။ ဘာပဲပြောပြော၊ ဝီရိယအကျိုး၊ နောက်ပြီးတော့ ကွယ်လွန်သွားတဲ့ဆရာ တွေရဲ့ အကျိုး၊ သက်ရှိထင်ရှားရှိတဲ့ဆရာတွေရဲ့ပံ့ပိုးမှုတွေ၊ အားတွေက ကျနော် အများ ကြီး ရတာ။ ဥပမာ တိုတိုပြောရရင် မော်ဒန်မှာဆိုရင်လည်း ဆရာကြီးဦးဝင်းဖေတို့၊ ဆရာပေါ်ဦးသက်တို့စသဖြင့်ပေါ့လေ။ ပေါ်သိမ်းတို့နဲ့ အတူယှဉ်ရေးကြတာ။ အဲဒီနောက် ကျ တော့ မြန်မာမှုကျတော့ ဆရာကြီး ဦးအေးမြင့်တို့၊ နောက် ကိုဝင်းမောင်(တမ္ပဝတီ)တို့၊ ဘာတို့ပေါ့။ အားလုံး ခြုံပြီးတော့ စာပေရော ဘာရော ကျနော်တို့ အမွေပေးသွားတာ ကတော့ ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)။ ကျနော်က အဲဒီမှာ ဘာသာလဲ ဆိုတော့ ကျနော်က မြန်မာစာအဓိက ယူတော့ ဆရာကြီးနဲ့ နီးကပ်တယ်။ ဒါပေမယ့် ဆရာကိုဝင်းမောင်ကလည်း သူက Physics ယူပေသည့် သူက မွေးကတည်းက ဒီလောက ထဲမှာ ၊ ဒီဥယျာဉ်ထဲမှာကြီးလာတဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် ဆရာကြီးနဲ့ သေတပန် သက် တစ်ဆုံး ဒီသုတေသနခရီးစဉ်တွေ လိုက်ရတယ်။ အဲဒီလိုတွေပေါ့။ ဆုံကြကြုံကြတာ ။
——-
စိန်မြင့်(ရွှေချည်ထိုး) သို့မဟုတ်
ရွှေချည်ထိုးက Figure ကို Canvas ပေါ်
ပြောင်းလဲတင်ပြခဲ့သူ
အပိုင်း(၂)
HB- ဆရာ့ Source က အဲဒါကိုး။
SM- ဟုတ်ကဲ့၊ Source တွေက အများကြီးပဲ။ ဒီ့နောက်မှာ ဆရာဦးခင်မောင်ရင်တို့၊ ဒီ AI လောကကို ရောက်တဲ့အခါ ကျနော်က ဝင်ထွက်နေတာပေါ့။ အဲအချိန်မှာ ဆရာပေါ်ဦး သက်တို့၊ ဘာတို့က အဲဒီမှာပဲ နေနေတာ။ အဲဒီတော့ ဆရာပေါ်ဦးသက်ရဲ့မျက်နှာနဲ့ ကျနော်က ဝင်နိုင်ထွက်နိုင်တယ်။ ဆရာဦးခင်မောင်ရင် ကျေးဇူးတွေကလည်း များပါ တယ်။ ကျနော်တို့ နေထိုင်သရွေ့၊ ဘာနေနေ သူ့ဘာသာသူ ဘယ်လိုလုပ်လုပ်။ အချိန် တန်ရင် ထမင်းချိုင့်က ရောက်လာတာ။ ဆရာဦးခင်မောင်ရင်ရဲ့ သန့်ရှင်းတဲ့ စိတ် ဓာတ်ပေါ့လေ။ အဲဒီဟာ သူလည်း လာလိုက်၊ဝင်လိုက်၊ပန်းချီကောက်ရေးလိုက်၊ ဓာတ်ပြား နားထောင်လိုက်နဲ့ပဲ။ အဲဒီမှာလည်း သူတို့က အကြီးတန်းတွေဆိုတော့ သင်တာမဟုတ် ပေသည့် မြင်ဆရာတွေ ဖြစ်သွားတာပေါ့။
HB- ဟုတ်ကဲ့ဆရာ။ အဲဒီတော့လေ ဆရာ၊ ကျနော်တစ်ခု သိချင်တာက ဆရာ့ရဲ့ ဒီ၁၉၆၉မှာ ဆရာတို့ မုတ်သုန်ပန်းချီပြပွဲ။ အဲဒါ ပေါ်သစ် ဆောင်းပါးရေးထားတယ်။ ဒီအိုးဝေမဂ္ဂဇင်းမှာ။ ဆရာ့ရဲ့လက်ရာ သူဘယ်လိုပြောထားလဲဆိုတော့ အဲဒီတုန်းက ဆရာရယ်၊ ပေါ်သိမ်းရယ်၊ အောင်ဝင်းလား၊ သုံးယောက်နော်။ သုံးယောက်က လူငယ် လက်သစ်တွေတဲ့။ အဲဒီထဲမှ ဆရာ့ဟာကို သူရေးထားတာလေး၊ ကျနော်မှတ်မိတယ်။ ဒီမှာ …စိန်မြင့်ရဲ့လက်ရာသည်တဲ့။ လူသစ်သုံးယောက်တွင် ကဗျာအဆန်ဆုံးဖြစ်သည်။ အမေ့ တဲ၊ ထန်းတစ်ပင်၊ တောင်ခြေတို့သည် ရိုးသားသောအရောင်အသွေး၊ အေးငြိမ်း သော ဖွဲ့စည်းမှု၊ ခိုင်မာသောထုထည်တို့ဖြင့် ပေါင်းဖွဲ့သောပန်းချီကဗျာလေးများဖြစ်သည်တဲ့။
SM- ဟုတ်တယ်…ဟုတ်တယ်။ ပေါ်သစ်။ ဆရာဦးဝင်းတင်က ပေါ်သစ်အမည်နဲ့ ရေး ထားတာ။
HB- အဲဒီတော့ ကျနော်က သိချင်တာက အခု ဒီမှာတွေ့မြင်ရတာတွေနဲ့ ဒါက Early works ပေါ့ဆရာ။
SM- ဒါက Early works ။ စဉ်းစားကြည့်လေ ၊ ၆၉ဆိုတော့ ဘယ်လောက်ရှိသွားပြီလဲ။ တကယ်တမ်းတော့ ကျနော်တို့က ပန်းချီဆရာကို မဖြစ်သေးပါဘူး။ ပန်းချီဆရာဖြစ်ချင်တဲ့ စိတ်တွေနဲ့ ရေးခဲ့ကြတဲ့ကားတွေပါပဲ။ သို့သော်လည်း ဆရာကြီးတွေနဲ့ တန်းတူဝင်ပြခွင့်ရ တဲ့ အခွင့်အရေးက နည်းတဲ့အခွင့်အရေး မဟုတ်ဖူးလေ။ အဲဒီတော့ အဲဒီအရှိန်အဝါ က လည်း ကျနော်တို့မှာ ဘာပဲပြောပြော ရိုက်ခတ်မယ် ထင်ပါတယ်။
HB- ဟုတ်ကဲ့ဆရာ။ အဲဒီမှာ ကျနော်စိတ်ဝင်စားတာကလေ၊ ဆရာ့ဟာကိုပဲ ရွေးထုတ်ပြီး တော့ အဲဒီလို ရေးပြသွားတာလေ။ ဘာလဲဆိုတော့ ကဗျာဆန်တဲ့လက်ရာတွေဆိုတာ အခု ဆရာ့လက်ရာတွေကြည့်တော့လည်း ရှင်းရှင်းပြောရရင် Artistic ဖြစ်တာပေါ့။ သူလည်း အဲဒါကိုပဲ ရည်ညွှန်းတယ်လို့ ကျနော် ထင်ပါတယ်လေ ဆရာ။ ဆိုတော့ ဒါဆိုရင် တကယ်တမ်းပြောရရင် ဆရာက Self taught သမားလို့ပြောရမလား။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာနဲ့အင်တာဗျူးတွေ ကျနော်လိုက်ကြည့်ကြည့်တော့လည်း ဆရာ ပေါ်ဦးသက်နဲ့တော့ ဆရာနီးကပ်တာတွေ့ရပေမယ့် ဟိုလိုချည်း သင်ယူခဲ့ရတယ် ဆိုတာ လည်း မတွေ့မိလို့လေ။ အဲဒီတော့ ဆရာ့ရဲ့ ပန်းချီနဲ့ပတ်သက်တဲ့ ကံ့ကူလက် လှည့်ဆရာ လို့ပြောလို့ရမယ့်သူက ဘယ်သူများဖြစ်မလဲဆရာ။
SM-သင်တန်းလိုဟာမျိုးတော့ မတက်ဖူးဘူး။ ကျောင်းတို့၊သင်တန်းတို့လိုဟာမျိုး။ နောက် ပရိုက်ဘိတ်စကူးတို့ ဘာတို့ မတက်ပါဘူး။ ဒါပေမယ့် အရာရာသည် ကျနော်က ငါ့ဆရာ တွေပဲဆိုတဲ့ စိတ်မျိုးနဲ့ပဲ လုပ်တာ။ ကြီးသူငယ်သူမှ မဟုတ်ဖူး။ အဲဒီတော့ တစ်ခုပဲ ပြောလို့ ရတာက ကျနော်က ငယ်ငယ်ကတည်းက စိန်ပီတာကျောင်းမှာ နေတဲ့အခါ ကျတော့ စိန်ပီတာကျောင်းမှာတော့ Drawing master ဆိုတဲ့ ကလပ်ရှိတယ်။ အဲဒီ Drawing master ကလပ်ဆရာက ဆရာကြီးဦးလူတင်။ သူကတော့ ခဏပေါ့လေ။ Drawing အချိန်လေးမှာ တကယ်တမ်းတော့ သူက ကျနော်တို့ ငယ်ငယ်တုန်းက သိတဲ့အတိုင်းပဲ ၊ လေးကြောင်းမျဉ်းတွေ ရှိတယ်လေ။ လက်ရေးလှအောင်ရေးတဲ့စာအုပ်။ အဲဒီလက်ရေး လှဖို့ကိစ္စ၊ ဘာညာတွေ သင်တာ။ သင်ပြီး သူက ပန်းချီနဲ့ပတ်သက်တဲ့ အခြေခံလေးတွေ၊ ပါစပက်တစ်လေးတွေ၊ ဘာတို့ညာတို့လေးတွေလည်း ထည့်ပြီးတော့ သင်ပေးတယ်။ သင်ပေးတော့ အဲဒီထဲမှာမှ သူက ကောက်သင်းကောက်လိုက်တာပေါ့။ ဘယ်ကျောင်းသား လေး တွေ ကတော့ အလားအလာရှိတယ်ဆိုပြီး။ ကောက်သင်းကောက်ပြီးတော့ အဲဒီကျနော်တို့ သုံးလေးယောက်ကိုတော့ သူက ပန်းချီနဲ့ပတ်သက်တဲ့ အကဲဒမစ် study လိုဟာမျိုးလေး၊ ပေးခဲ့တယ်။ အဲလိုတော့ ပေးခဲ့တယ်။သို့သော် ကျနော်တို့က အချိန်က လည်း သိပ်မရဘူးလေ။ခဏပဲဆိုတော့ အဲဒီက ရခဲ့တဲ့အခြေခံလေးတွေလည်း ရှိတာပေါ့။၊ အဲဒီဆရာကြီးက နောင်ကျတော့ အလွန်နာမည်ကျော်တဲ့ ချင်းတွင်းရေကြည်က ဆရာကြီး ဦးလူတင်ဖြစ်နေတယ်။ One of the founder of Chindwin Yae Kyi ။ အဲလိုလေး ပေးတော့ အခြေခံအကြောင်းလေးတော့ သိခဲ့ပါတယ်။
HB- ဒါဆိုရင်တော့ များများစားစား အဲလိုမျိုး ပန်းချီနဲ့ပတ်သက်ပြီး သင်ခဲ့ဖူးတယ်ဆိုတာ အဲဒီတုန်းကပဲ ရှိမှာပဲ။ အဲဒီလိုလားဆရာ။
SM- အဲဒါလည်း တကယ်တမ်း Drawing ပဲ ရှိခဲ့တာ။ဒါပေမယ့် အဲဒီထဲကမှ သူက ဖြစ် မြောက်နိုင်ဖို့ အလားအလာရှိတဲ့ သူတွေကို သူကဆွဲပြီးတော့ Fine art လိုဟာမျိုး လေးကို နည်းနည်းလေး သူက Upgrade လုပ်ပေးတာပေါ့။
HB- အဲဒါတက္ကသိုလ်မရောက်ခင်ပေါ့။
SM- အဲဒါမှ ခုနစ်တန်း၊ရှစ်တန်းကျောင်းသားပဲ ရှိသေးတာ။ အဲဒီမှာမှ ကျနော်တို့က ဆရာကြီးဦးလူတင်သင်ပြတဲ့ ရေဆေးတွေ ဘာတွေရေး၊ ပြိုင်တဲ့အခါကျတော့ အဲဒီ အချိန် ကတော့ ပညာ့တံခွန်နေ့တို့၊ ခရစ်စမတ်နေ့တို့၊ နယူးရီးယားတို့၊ လွတ်လပ်ရေးနေ့တို့ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့တာပေါ့။ ငယ်စဉ်ကတော့ အဲလိုပေါ့။ ဆုတွေ ရပါတယ်။
HB- အင်း...ကျနော်သိချင်တာ အဲဒါပဲလေ။ ဘာ့ကြောင့်လဲဆိုတော့ ခုနက ကျနော် ထောက်ပြတဲ့ဟာက ဆရာ့Work က ကဗျာဆန်နေတယ်ဆိုတာ ကျနော် ထင်တယ်လေ၊ ရေဆေးလိုဟာမျိုး၊ Beauty ကို အသားပေးတဲ့ဟာမျိုးပေါ့။ ဟုတ်တယ်မို့လား၊ နော် ဆရာ။
SM- ရေဆေးကလည်း ကျနော်က စပြည်တည်ကတည်းက ရေဆေးရေးခဲ့တာ။ နှစ်ပေါင်းလေးငါးဆယ် ရေးထားတာ။ အခု ဘာ့ကြောင့် Acrylic တွေ ရေးလဲဆိုတော့ လူတွေက နောက်ပိုင်းကျတော့ ခေတ်တွေကလည်း ပြောင်းသွားတော့ Concept တွေလည်း ပြောင်းသွားတယ်။ နောက်ပန်းချီပစ္စည်းတွေလည်း ပြောင်းလဲသွားတယ်။ တိုးတက်တဲ့ပန်းချီပစ္စည်းတွေရဲ့ကွာလတီတွေကလည်း ပြောင်းလာတယ်။ ခေတ်ကြီးနဲ့အတူ ကျနော်တို့မြန်မာနိုင်ငံရဲ့ လူတန်းစားအသီးသီးကလည်း အနုပညာအပေါ်မှာ အာရုံပြန်စိုက်လာတဲ့ခေတ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို ပြန်ရောက်လာတာပေါ့။ဒါလေးတွေက ကျနော်တို့ အနုပညာသည်တွေအတွက် ပထမဦးဆုံး အသက်ရှူပေါက်လို့ ကျနော်ယူဆပါတယ်။ အဲဒါကြောင့် ဒီပန်းချီကို ခံစားတတ်တဲ့ ဘယ်လိုပြောရမလဲ။ ပိုက်ဆံရှိ ကြေးရတတ်အသိုင်းအဝိုင်းတွေ၊ပြီးတော့ ခေတ်ပြောင်းလဲတာနဲ့အတူ နိုင်ငံတော်ရဲ့ အင်တာနေရှင်နယ် dealing မှာ ဒီဟာတွေက မရှိမဖြစ်ပစ္စည်းတွေ ဖြစ်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖလှယ်တာတို့ ဘာတို့ ဖြစ်လာတာ။ အဲဒီလိုဖြစ်လာရင်းက ကျနော်က ခုနက ဒီပန်းချီ ကနေ တစ်ချိန်တစ်ခါမှာ ခွဲထွက်ပြီး၊ ရွှေချည်ထိုးလုပ်လိုက်တယ်။ ဒါေ့ကြာင့်မို့လို့ အခုကျနော့်ကို ပန်းချီသာရေးနေတာ၊ဦးစိန်မြင့် (ရွှေချည်ထိုး)ပဲ။ အဲဒီတော့ အဲဒီဟာလည်း ကျနော်မဆုတ်မနစ်နဲ့၊ ကျနော့်မျိုးရိုးမဟုတ်ပါဘူး။ ဒါပေမယ့် ခုနက ပြောသလို၊ မဆုတ်မ နစ် တဲ့ လုံ့လနဲ့ ကိုယ်က လေ့ကျင့်တယ်ပေါ့။ လေ့ကျင့်တယ်။ရှာဖွေတယ်။ အဲလိုလုပ် တော့ တချို့လူတွေဆိုရင် ကျနော့် ပန်းချီ ဘယ်တုန်းကတတ်လဲ။ ဒီကောင်စီးပွားရေး လုပ် လာတာပဲ။ ဒီကောင် ...ဘာညာ ဒါမျိုးတွေပေါ့ဗျာ။ ဒါပေမယ့် ကွယ်ရာမှာ အလုပ်လုပ်နေ တာ သူတို့ မသိဘူး။အဲဒါပဲ၊ကျနော်က ကွယ်ရာမှာ မျက်ခြေမပြတ်အောင်၊ စဉ်ဆက် မပြတ် လုပ်နေတယ်။
HB- ကျနော်လည်း အဲဒီတစ်ချက်ကို တွေ့တယ်လေ။ဆရာသည် တက္ကသိုလ်အထိ ဒီပန်းချီလှုပ်ရှားမှုတွေနဲ့ ဆရာရှိခဲ့တယ်။ ခုနက မော်ဒန်သမားတွေနဲ့ ရှိခဲ့တယ်။ နောက် ပြီးတော့လည်း ဆရာပေါ်တို့၊ဆရာဦးဝင်းဖေတို့၊ ဦးခင်မောင်ရင်တို့ စသဖြင့် ဒီပုဂ္ဂိုလ်တွေနဲ့ ဆရာတို့က ပြပွဲတွေလည်း ဆက်ပြီးတော့ လုပ်လာတယ်။ လုပ်လာပြီးတော့မှ ဆရာသည် ဒိုင်းဆိုပြီးတော့မှ ရွှေချည်ထိုးကို Change သွားတယ်။ အဲဒီလိုနော် ဆရာ။
SM- ဟုတ်တယ်။
HB-ဒါဆို ပန်းချီလည်း တော်တော်ကို လုပ်ပြီးမှ ဆရာ Change သွားတာပေါ့။
SM- အဲ ပန်းချီရေးရင်းနဲ့ Change တာပေါ့။
HB- လုပ်ပါဦး။ ဘာ့ကြောင့် Change သွားတာလဲ။
———
စိန်မြင့်(ရွှေချည်ထိုး) သို့မဟုတ်
ရွှေချည်ထိုးက Figure ကို Canvas ပေါ်
ပြောင်းလဲတင်ပြခဲ့သူ
အပိုင်း(၃)
SM- ဘာ့ကြောင့် Change သွားတာလဲဆိုတော့ ဒီလိုလေ။ ကျနော် ဒီမန္တလေးစီးပွားရေး လောကမှ ကျနော် တော်တော်နာမည်ကြီးလောက်အောင်ကို ကျနော် ပေါက်ပေါက် မြောက်မြောက် အောင်မြင်ခဲ့တယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းသည် ရေရှည်လုပ်ရမယ့် လုပ်ငန်းမဟုတ်ဖူးဆိုတာ ကျနော် သတိထားတယ်။ အဲဒီသတိနဲ့ အဲဒီအသိနဲ့ ကျနော်က သင့်တင့်လျောက်ပတ်တဲ့ ကျနော် စီးပွားစုမိဆောင်းမိတဲ့အခါ ဒီအလုပ်ကြီးကို ကျနော် မလုပ်ချင်ဘူး။ မလုပ်ချင်တော့ ကျနော် ဘာလုပ်ရမလဲလို့ စဉ်းစားတဲ့အခါကျတော့ အခြေခံကလည်း အဲဒီအချိန်မှာ ကျနော့်အနုပညာအခြေခံလေးကလည်း တော်တော်လေး ရင့်ကျက်လာပြီလေ။ နောက် ဆရာကြီးဦးမောင်မောင်တင်နဲ့ သုတေသနခရီးစဉ်တွေ၊ ကိုဝင်းမောင်တို့နဲ့ ခရီးစဉ်တွေက အကျိုးကျေးဇူးတွေကလည်း ဒီမြန်မာမှုမှာ အများကြီး ၊ ဆရာကြီးဦးအေးမြင့်တို့ စသဖြင့်ပေါ့။ အဲဒီတော့ ကျနော်က မြန်မာမှုနဲ့လုပ်ရတဲ့ ရွှေချည်ထိုးကို ကျနော် ရွေးလိုက်တာ။ တကယ်တမ်း ကျနော်က ရွှေချည်ထိုးမျိုးရိုးလည်း မဟုတ်ဖူး..ကျနော်က။ ဒါပေမယ့် ကျနော်က အဲဒီမှာ Figure ကို ကျနော်တအားလေ့ကျင့် လိုက်တယ်။ အရင်တုန်းကတော့ ကျနော်တို့က မော်ဒန် ဝါတာကာလာဆိုတော့ Figure ကို သိပ်ပြီးတော့ ဦးထိပ်ပန်ဆင်မလုပ်ဖူးလေ။ သို့သော် ရွှေချည်ထိုးမှာကျတော့ မြန်မာမှု ဖြစ် နေတယ်။ မြန်မာမှုတိုင်းသည် Drawing နဲ့ မလွတ်ဖူး။ ပန်းဆယ်မျိုးကလည်း Drawing နဲ့ မလွတ်ဖူး။ နောက် အပြောက်၉မျိုးကလည်း Drawing နဲ့ မလွတ်ဖူး။ ကျနော် Drawing ကို ပြန်ပြီးတော့ အသက်ကြီးကာမှ ကျောင်းတက်သလိုပေါ့ဗျာ။ အဲလို လုပ်တဲ့အခါကျတော့ အဲဒါလေးကလည်း ဝီရိယအကျိုးနဲ့ပေါက်ပေါက်မြောက်မြောက် လေးဖြစ်သွားတယ်။
HB- ဆရာပြောတာ ဟုတ်တယ်။ ကျနော် ဘာ့ကြောင့်လဲဆိုတော့၊ ဆရာ...တစ်ခုရှိတယ်။ ဆရာက အခု ဒီလက်ရာတွေပေါ့။ ကြည့်လိုက်တဲ့အခါကျတော့ ဟုတ်တယ်။ Drawing ဆရာမိုက်တယ်။ Drawing မိုက်တာမှ ကျနော်အခု ဆရာမလာခင်မှာ ကျနော် ထပ်ကြည့်တယ်။ဒီနေ့...။ ထပ်ကြည့်တော့ ဘာဖြစ်လဲဆိုတော့ ဆရာက ရွှေချည်ထိုးက Figure ကို Canvas ပေါ် ပြောင်းတင်လိုက်နိုင်တယ်။
SM- ဟုတ်တယ်...ဟုတ်တယ်။ အဲဒါ ပါတယ်။
HB- ဘာ့ကြောင့်လဲဆိုတော့ သူ့ Figure ရဲ့ မျက်နှာတွေကို ကြည့်တဲ့အခါမှာ မျက်နှာလေးတွေက ဝိုင်းဝိုင်းလေးတွေက ဒီရွှေချည်ထိုးမှာ ထုထည်ထွက်အောင် လုပ်ထားတဲ့ Figure ပေါ့နော် ဆရာ။ ဆရာသည် ဒါနဲ့ လုံးဝ Familiar ဖြစ်လာတဲ့ အခါကျတော့ ဒီဟာကို ဆရာရွှေ့လိုက်တယ်။
SM- ဟုတ်တယ်။
HB- နော် ဆရာ။ နောက်ပြီးတော့ Work ကကျတော့ ဆရာ့ရဲ့ အသည်းနှလုံးထဲမှာ ရှိနေတဲ့ Modern work ဖြစ်နေတယ်။
SM- ဟုတ်တယ်...ဟုတ်တယ်။ သူက ဟိုလိုပေါ့ဗျာ။ ရှေးဟောင်းကိုလည်း ရင်ဝယ် ပွေ့ပိုက်ပြီးတော့ အသစ် အသစ်ကိုလည်း ဆန်းသစ်တယ်လို့ ပြောရမယ့် အမျိုးအစား မျိုးပေါ့။ ဒါမှ ကိုယ်နားလည်သလို သူများတွေ နားလည် သွားမှာ။ ဆိုတော့ အဲဒီတော့ သူများနားလည်အောင် လုပ်ဖို့ဆိုတာ ကိုယ်က အရင်ဆုံးနားလည်အောင် လုပ်ရမှာ။ ကိုယ်နားလည်အောင် လုပ်ပြီး ရေးမှ၊ဖွဲ့မှ၊ဆိုမှ ၊တီးမှ သူများနားလည်မှာ။
HB- အဲဒီတော့လေ ဆရာ။ ကျနော် တစ်ခုထပ်သိချင်တာ ရှိတယ်။ ဆရာ့ရှေ့မှာလည်း မန္တလေးက ရွှေချည်ထိုးက အစကတည်းက နာမည်ရှိပြီးသားပဲ။ အဲဒီတော့ အဲဒီဟာ တွေကို ကျော်ပြီးတော့ ဆရာသည် စိန်မြင့် (ရွှေချည်ထိုး)ဆိုပြီး ၊ရွှေချည်ထိုးဆိုတဲ့ နာမဝိသေသနကို ဖြစ်သွားအောင်က ဆရာ ဘာတွေ သူတို့နဲ့ သမားရိုးကျနဲ့၊ သမဇဉ်နဲ့ ဆရာက ဒီခွဲထွက်သွားပြီးတော့ လုပ်တဲ့အချက်တစ်ခု something ပေါ့လေ၊ ရှိမယ်လို့ ထင်တယ်ဆရာ။ အဲဒါ ဘာဖြစ်မလဲဆရာ။
SM- အဲဒါကတော့ ဘယ်သူ့စကားလုံးလားမသိဘူး။ ဆရာမင်းသုဝဏ်လား၊ ဆရာတင်မိုးလား မသိဘူး။ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင် ဆိုတာ ရှိတယ်။ ဗဂျီအောင်စိုးလား မသိဘူး။
HB- ဗဂျီအောင်စိုး။
SM- အဲဒီစာလုံးလေးပဲ ပြောချင်တယ်။ ဖြေချင်ပါတယ်။ လမ်းရိုးဟောင်းကတော့ လိုက်ရမယ်။ ဒါပေမယ့် ဆန်းသစ်ချင်တဲ့စိတ်။ဆန်းသစ်ချင်တဲ့ လုံ့လ၊ သူများကိုလည်း ဆန်းသစ်တဲ့ အနုပညာတွေ၊ အမြင်အာရုံတွေကို ရစေချင်တဲ့ အခါကျတော့ အဲဒါလေးက ကျနော်နဲ့ ရှေးရိုးအတိုင်းသွားနေတဲ့လူတွေကြား အဲဒီဟာ ကျနော်ခွဲထွက်သလို ဖြစ်သွားတာ။ ဖြစ်တဲ့အပြင် စောစောက ပြောသလို ကျနော်သုတေသနခရီးစဉ်မှာ တွေ့ခဲ့တဲ့၊ ဒီဘုရား၊ကျောင်းကန်၊စေတီ၊ ပုထိုး၊ ဇရပ်၊တန်ဆောင်းတွေက စပြီးတော့ တွေ့ခဲ့မြင်ခဲ့တဲ့ ဟာတွေက ကျနော့်ဝမ်းစာတွေ ဖြစ်နေတာ။ ဖြစ်နေတော့ တစ်ခုခုလုပ်ရင် သိပ်ကြည့်စရာမလိုဘူး။ မြင်ခဲ့ ပြီးပြီလေ။ တွေ့ခဲ့ပြီးပြီ။ကြုံခဲ့ပြီးပြီဆိုတော့ အဲဒါတွေ လုပ်တယ်။ နောက်တစ်ခါ ဒီရွှေချည်ထိုးကလည်း အဲဒီအချိန်က ရွှေချည်ထိုးက တအား ခေတ် စားတဲ့အချိန်မှာ၊ ကျနော်က ကံဉာဏ်လုံ့လ၊ဝီရိယအားလုံး ဖြည့်ပြီးလုပ်တဲ့ အခါကျတော့ စောစောကပြေတဲ့လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်လိုက်သလို ဖြစ်ပြီးတော့ လူတွေက အာရုံရသွားတယ်။ အာရုံပြုလာတယ်။ အာရုံစိုက်လာတယ်။ စိုက်လာတဲ့အပြင် ကျနော့်မှာ စောစောက ပြောတဲ့ Tail Wing ပေါ့လေ၊ လေယာဉ်ပျံရဲ့ Tail Wing နောက်ကလေက ရလာတယ်။ အဲဒါက ဘာလဲဆိုတော့ စောစောက ကျနော်ပြောခဲ့တဲ့ဆရာသမားတွေရဲ့ မြင်ဆရာ၊ကြားဆရာတွေရဲ့ ကျေးဇူးတွေ။ မြန်မာမှုနဲ့ ဆိုရင် ဦးဝင်းမောင်တို့၊ ဆရာဦးအေးမြင့်၊နောက်တစ်ခါ တခြားသော မြန်မာမှု ဆရာကြီး တွေ ရှိသေးတယ်။ နောက်ဆရာကြီး ဆုံးသွားတဲ့ ဆရာကြီးဦးငွေလှိုင်တို့၊ ဘာတို့က ဒီရွှေချည်ထိုးကြောင့်ပဲ၊ ဆရာကြီးဦးငွေလှိုင်နဲ့ ဆုံရတာ။ သိတဲ့အတိုင်း ၁၉၉၀မှာ ကျနော့် ကို နိုင်ငံတော်က ရွှေချည်ထိုးကားချပ်ကြီးလုပ်တယ်။ ကျနော်လည်း ဘာ့ကြောင့် ငါ့ထက် ရှေးရိုးအစဉ်အလာကြီးမားတဲ့သူတွေကို မခိုင်းဘဲနဲ့ ငါ့ခိုင်းသလဲဆိုတာ စဉ်းစားတယ်။ အဲဒါလည်း ယုံယုံကြည်ကြည်နဲ့ ကျနော့်ကို recommend လုပ်တဲ့ဆရာကြီးတွေ ကျေးဇူး ပါပဲ။ အဲဒါက UN အတွက် လုပ်တဲ့ဟာ။ ၁၉၉၀။ အဲဒါနဲ့ ကျနော်တို့ ကံလေးက ကောင်း လာတော့ UN ကို ကိုယ်တိုင်သွားတပ်ဆင်ခွင့်ရတော့ အဲဒီဆရာကြီးဦးငွေလှိုင်နဲ့ တစ်လမ်းလုံး ပေါ့လေ။ မြန်မာမှုအကြောင်းတွေ ။ ဆရာကြီးဦးငွေလှိုင်ဆိုတာ ဆရာဆိုင်ရဲ့သား တွေ။ ဗိသုကာဆရာဆိုင်ရဲ့သားတွေ။ သူက ပသဆမှာမြန်မာမှုဗိသုကာကြီးတွေ ဖြစ်နေ တာ။ ရပြီနော်။ အဲဒီလောက်ဆို။ ဟိုမှာလာနေပြီ။ ကျနော်ရှေ့ဆက် ပြောလို့ မရဘူး။ ဘယ်တုန်းက ရောက်နေလဲ။ (အခန်းထဲဝင်လာသည့် ဆရာဦးငြိမ်းမင်းကို ဆရာဦးစိန်မြင့် လှမ်းနုတ်ဆက်။)
NM- ဟာ ရောက်နေတာ ကြာပြီ။ အကယ်ဒမီကတည်းက။
SM-မင်းကိုယ်တိုင် မပေးဘူးလား။
NM- ကိုယ်တိုင်ပေးလိုက်တာ။
SM- ကိုယ့်ကိုကိုယ် ပေးလိုက်လဲ၊ရတာပဲကွာ။ ဟုတ်တယ်မို့လား။ မပြန်သေးဘူးပေါ့။ နေကောင်းတယ်မို့လား။ ကျနော်က မနက်ဖြန် ပြန်မှာ။
NM- ဟာ မြန်လှချည်လား။
SM- ဒီကိစ္စပဲ လာတာ။ ချစ်ဦးညိုတို့ ဘာတို့တောင် အသံမပေးဝံ့ဘူး။တော်နေကျတော့ စားမယ်သောက်မယ် လုပ်မယ် ...အဲဒါကြောင့်။ မမနိုင်လည်း ဒီရောက်နေတယ်။
SM- ဟို အန်တီဥမ္မာပွဲကျတော့လည်း တစ်မျိုး၊ Trend တစ်ခု ရွေးပြီး လုပ်ကြတာပေါ့။
HB-ဟုတ်ကဲ့ဆရာ။
SM- ခုဟာ ကိုမိုးညိုကလည်း ဖိတ်ထားတာ။ ၁၁နာရီဆိုလား၊ မသိပါဘူး။ နည်းနည်းနောက်ကျမယ်လို့တော့ ပြောထားတယ်။ ကဲ... လုပ်။ ပြီးရင် ငါသွားမယ်။
(လှိုင်ဘွား မှတ်တမ်းတင်သည်)
credit : Ko @HlaingBwa
#အနုပညာစကားဝိုင်း
-
Interview with Sayar Gyi U Sein Myint
Online Exhibition